The Bible Software
1 ဓမ္မရာဇဝင်တတိယစောင် · 1835 Judson Burmese Bible

1 ဓမ္မရာဇဝင်တတိယစောင် 22

1ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။

2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။

3ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။

4ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊

5ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊

6လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။

7သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ။

8ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။

9တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊

10ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။

11ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊

12ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊

13ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။

14ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။

15မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊

16ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။

17အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

18ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊

19ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။

20ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။

← 1 ဓမ္မရာဇဝင်တတိယစောင် 21Read In The App, Free →1 ဓမ္မရာဇဝင်တတိယစောင် 23 →

Study 1 ဓမ္မရာဇဝင်တတိယစောင် 22

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425