The Bible Software
တရားဟောရာကျမ်း · 1835 Judson Burmese Bible

တရားဟောရာကျမ်း 9

1အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ကိုထိသော မြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို၎င်း၊

2အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင် သနည်းဟူသော စကားကို သင်ကြား၍၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို၎င်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ် တဘက် သို့ ကူးလုပြီ။

3သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ရှေ့မှာ ကြွသဖြင့်၊ လောင်သောမီးကဲ့သို့ ဖြစ်လျက် သူတို့ကို ဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခု သဘောကျလော့။ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။

4သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ ကို သင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။

5သင်ပြုသောကုသိုလ်ကြောင့်၎င်း၊ ဖြောင့်မတ် သော သဘောကြောင့်၎င်း၊ ထိုပြည်ကို သွား၍ ဝင်စားရ မည်မဟုတ်။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့်၎င်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော စကားတော်ကို တည်စေလိုသောငှာ၎င်း၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။

6သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်၏။

7သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။

8ဟောရပ်အရပ်၌ ထာဝရဘုရားကို အမျက် တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။

9ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲ တောင်ပေါ် မှာနေလေ၏။

10သင်တို့သည် စည်းဝေးကြသောနေ့၌ ထာဝရ ဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူ သော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရား သည် ငါ့အား အပ်ပေးတော်မူ၏။

11အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ် ကျောက်ပြား နှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင်၊

12သင်သည် ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကို သွန်းကြပြီဟု မိန့်တော်မူ၏။

13တဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။

14သို့ဖြစ်၍ ငါ့ကိုရှိစေလော့။ သူတို့ကို ငါဖျက်ဆီး မည်။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေ မည်။ သင့်ကိုမူကား၊ သူတို့ထက် အားကြီး၍ များပြား သော အမျိုးဖြစ်စေမည်ဟု ငါ့အား မိန့်တော်မူ၏။

15ထိုအခါ ငါသည် ပဋိညာဉ်ကျောက်ပြား နှစ်ပြား ကို ကိုင်လျက်၊ လှည့်၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ၏။

16သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား၍၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရားမှာထားတော်မူသောလမ်းမှ အလျင်အမြန် လွှဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင်၊

17လက်နှစ်ဘက်နှင့်ကိုင်သော ကျောက်ပြားတို့ကို ချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။

18သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့်၊ ငါသည် အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော်၌ ပြပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲနေရ၏။

19အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ ကို ဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက် တော်အရှိန်ကို ငါကြောက်၏။ သို့ရာတွင် ထာဝရဘုရား သည် ငါ့စကားကို တဖန် နားထောင်တော်မူ၏။

20ထာဝရဘုရားသည်လည်း၊ အာရုန်ကို ဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ၏။

21သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကို ငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ် အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲက ထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ၏။

22တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါ အရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကို အမျက် တော်ထွက်အောင် ပြုကြ၏။

23ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကို မယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။

24ငါသိကျွမ်းသော နေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။

25ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည် အရင်ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက်နေရ၏။

26ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့်။

27ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့ကို အောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့်။

28သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က၊ ထာဝရဘုရားသည် ဂတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သော ကြောင့်၎င်း၊ သူတို့ကို မုန်းသောကြောင့်၎င်း၊ တော၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါ လိမ့်မည် တကား။

29ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။

← တရားဟောရာကျမ်း 8Read In The App, Free →တရားဟောရာကျမ်း 10 →

Study တရားဟောရာကျမ်း 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334