The Bible Software
ဧဇရမှတ်စာ · 1835 Judson Burmese Bible

ဧဇရမှတ်စာ 3

1သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ၍ စုဝေးကြ၏။

2ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ၏ညီအစ်ကိုများတို့သည်ထ၍ ဘုရားသခင် ၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည် အတိုင်း၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ၏။

3ထိုပြည်အရပ်ရပ်၌ နေသောသူတို့ကို ကြောက်သော်လည်း၊ ယဇ်ပလ္လင်ကို မိမိဘိနပ်ပေါ်မှာ တည်ထား ၍၊ နံနက်ညဦးမပြတ်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။

4ကျမ်းစာလာသည်အတိုင်း၊ သကေနေပွဲကိုလည်းခံ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။

5ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့ ၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ၏။

6ဗိမာန်တော် တိုက်မြစ်ကိုမချသေးသော်လည်း၊ သတ္တမလတရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရ ဘုရားအား ပူဇော်ကြ၏။

7ပန်ရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူ သည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ၊ ဇိဒုန်မြို့သားနှင့် တုရှ မြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကိုပေးကြ၏။

8ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရ သော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။

9ထိုအခါယုဒအမျိုး၊ ယောရှုနှင့်သူ၏သားညီများ၊ ကပ်မျေလနှင့်သူ၏သားများ၊ လေဝိအမျိုးဟေနဒဒ်သား များ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ၏။

10လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။

11ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။

12သို့ရာတွင်အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ၏။

13ထိုသို့ပြုသော ကြွေးကြော်သံနှင့်ငိုကြွေးသံကို ကြားသော သူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများ တို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။

← ဧဇရမှတ်စာ 2Read In The App, Free →ဧဇရမှတ်စာ 4 →

Study ဧဇရမှတ်စာ 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910