The Bible Software
2 ဓမ္မရာဇဝင်တတိယစောင် · 1835 Judson Burmese Bible

2 ဓမ္မရာဇဝင်တတိယစောင် 19

1ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။

2ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြား လိုက်၏။

3ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား၏။ ထိုမြို့၌ ကျွန်ကို ထားခဲ့၍၊

4သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊

5ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကို တို့လျက် ဆို၏။

6ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကို မြင်၍ စားသောက်ပြီးမှ တဖန်အိပ်ပျော်၏။

7ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍စားဦးလော့ဟုဆိုသည် အတိုင်း၊

8ဧလိယသည်ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့်၊

9ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။

10ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။

11နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရား ရှောက်သွားမည်ဟုမိန့်တော်မူ၏။ ထိုအခါ အားကြီးသော လေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင်ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း၌လည်းရှိတော်မမူ။

12မြေလှုပ်ခြင်းနောက်မှာမီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။

13ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။

14ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊

15ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

16နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

17သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။

18သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။

19ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။

20ဧလိရှဲသည် နွားတို့ကို ပစ်ထား၍ ဧလိယ နောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊

21ဧလိရှဲသည်ပြန်သွား၍ နွားယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများ တို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။

← 2 ဓမ္မရာဇဝင်တတိယစောင် 18Read In The App, Free →2 ဓမ္မရာဇဝင်တတိယစောင် 20 →

Study 2 ဓမ္မရာဇဝင်တတိယစောင် 19

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122