The Bible Software
ရှင်ယာကုပ်ဩဝါဒစာ · 1835 Judson Burmese Bible

ရှင်ယာကုပ်ဩဝါဒစာ 4

1သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါ များ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။

2သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။

3ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။

4မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။

5ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည်ဟူ၍၎င်း၊ ထင်ကြသလော။

6ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။

7ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။

8ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသာသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။

9ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း၊ ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။

10ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။

11ညီအစ်ကိုတို့၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌အပြစ်ရှိသည်ဟုစီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင်သောသူဖြစ်၏။

12ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ၏။ ထိုသူသည် ကယ်တင်ခြင်းငှါ၎င်း၊ ဖျက်ဆီးခြင်းငှါ၎င်း၊ တတ်နိုင်တော်မူ၏။ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။

13ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။

14နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။

15ထဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်းအသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြ ကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။

16ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။

17ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ၏။

← ရှင်ယာကုပ်ဩဝါဒစာ 3Read In The App, Free →ရှင်ယာကုပ်ဩဝါဒစာ 5 →

Study ရှင်ယာကုပ်ဩဝါဒစာ 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345