The Bible Software
Ruth · 1835 Judson Burmese Bible

Ruth 1

1တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။

2ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။

3နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။

4သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊

5ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။

6တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊

7တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။

8သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။

9သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊

10အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။

11နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။

12ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊

13ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊

14သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။

15နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊

16ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။

17ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။

18ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။

19ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။

20သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။

21ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။

22ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။

← Judges 21Read In The App, Free →Ruth 2 →

Study Ruth 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234