The Bible Software
Isaiah · 1835 Judson Burmese Bible

Isaiah 65

1ငါ့ကိုမမေးမလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ။ ငါ့ကိုကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ။

2မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ။

3ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။

4သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ်၏။

5သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည်သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သောမီးကဲ့သို့ ၎င်း ဖြစ်ကြ၏။

6ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။

7သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

8တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။

9ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။

10ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။

11သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ၏။

12သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။

13ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။

14ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။

15သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သော သူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။

16မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ် ပျောက်လျက်ရှိကြ၏။

17ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

18ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။

19ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။

20ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။

21ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည်။

22သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။

23ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။

24ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။

25တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။

← Isaiah 64Read In The App, Free →Isaiah 66 →

Study Isaiah 65

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566